နတ်မောက်မြို့နယ်တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာ သင်တန်း ဖွင့်လှစ်
နတ်မောက် ဒီဇင်ဘာ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် ဒီဇင်ဘာ ၆ ရက်နေ့မှစတင်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာ သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ဖွင့်လှစ် သင်ကြားပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူ ကလေးငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်နှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်း၏ စည်းမျဉ်း စည်းကမ်းများကို တက်ရောက်လာကြသည့် သင်တန်းသား/သူများကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့ကွန်ပျူတာ သင်တန်းကို ကျောင်းသား/သူ စုစုပေါင်း(၁၅)ဦး လာရောက်စာရင်းပေးသွင်းခဲ့ပြီး သင်တန်းချိန်ကိုစနေနှင့်တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်များတွင် သင်ကြားပို့ချပေးလျက်ရှိသည်။
သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကွန်ပျူတာအခြေခံ ဘာသာရပ်များကိုသင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

