နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် AI နည်းပညာသင်တန်း ဖွင့်လှစ်
နတ်မောက် မေ ၁၅ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဒေသခံလူငယ်များနှင့် ဝါသနာရှင်များ နည်းပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ အခြေခံ AI နည်းပညာ သင်တန်း ကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ သင်တန်းတွင် သင်တန်းဆရာမဒေါ်ကြည်ထွေးက ယနေ့ခေတ်ကာလတွင် AI နည်းပညာသည် ကဏ္ဍာစုံတွင် အရေးပါလာသည့်အတွက် လူငယ်များအနေဖြင့် နည်းပညာကို စနစ်တကျအသုံးချ တတ်စေ ရန်နှင့် လုပ်ငန်းခွင်တွင်း အထောက်အကူပြုစေရန် AI ၏ အခြေခံသဘောတရားများ၊ နေ့စဉ်လူမှုဘဝတွင် AI ကို အကျိုးရှိရှိအသုံးချနည်းများ၊ စာသားနှင့် ရုပ်ပုံများဖန်တီးပေးသည့် AI Tool များအသုံးပြုပုံစသည့် ဘာသာ ရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။နတ်မောက်မြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) သည် ဒေသခံပြည်သူများအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အပြင် ယခုကဲ့သို့ခေတ်မီနည်းပညာရပ်ဆိုင်ရာသင်တန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိသည်။ အဆိုပါ သင်တန်းသို့ ဒေသခံလူငယ်များနှင့် နည်းပညာစိတ်ပါဝင်စားသူ(၃၀)ဦးတက်ရောက်ခဲ့ကြ သည်။




