မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။ ဦးစွာ နတ်မောက်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့်ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး က ကျောင်းသားကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးရေး ၊ စာပေ အသိပညာကြွယ်ဝရေးနှင့်ပတ်သက်၍အမှာစကားပြောကြားသည်။ ဆက်လက်၍ အမှတ်(၁) အခြေခံပညာထက်တန်းကျောင်း မှကျောင်းသားကျောင်းသူများက “မင်္ဂလာပါ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦ၀င်းနိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးလှုပ်ရှားမှု အခမ်းအနားတွင် အထူးအစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းကျင်းပသော အမြဲမပြတ် လေ့လာသင်ယူရေး စကားဝိုင်း(Never Stop Learning Talk Show)တွင် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ရေးသားသည့် “တပြည်သူမရွှေထား” စာအုပ်အား ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူ များနှင့် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ မူလတန်း(ထက်ဆင့်)ပုံပြင်ပြော ပြိုင်ပွဲ နှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို တစ်ဦးချင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ” လောကအားမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ တာဝန်ရှိသူများက ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း ၊ စာအုပ်စာစောင် ပြခန်းများ ကိုကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား တွင် အခြေခံပညာအဆင့် ဉာဏ စွမ်းရည်ပြိုင်ပွဲများ ၊ အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်းဆွေးနွေးပွဲအပြင် ရောင်စုံဓာတ်ပုံပြခန်း ဖြင့် နိုဝင်ဘာဘာ ၁၁ ရက်မှ ၁၂ရက်အထိ နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက အေးချမ်း ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

